27/06/2016
မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီး၏ ဂုတ်တွင်းလမ်းပိုင်း ကျွန်းပင်ကွေ့ အနီးတွင်၂၂ ဘီးတွဲ ကားယာဉ်တိမ်းမှောက်နေမှုအား ဇွန် ၂၆ ရက်က တွေ့ရစဉ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်မှ ဂုတ်တွင်းလမ်းပိုင်းအား ယာဉ်တိမ်းမှောက်မှု မကြာခဏ ဖြစ်တတ်သည့် အကွေ့နေရာများနှင့် အခြားပျက်စီးနေသော လမ်းပိုင်းများအား ပြန်လည်ပြုပြင်မည်ဖြစ်၍ လမ်းပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့် နေ့များတွင် မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီအထိ ခေတ္တ လမ်းပိတ်သွားမည် ဖြစ်ကြောင်းသိရသည်။
“ ဂုတ်တွင်း လမ်းပိုင်းက လမ်းပျက်စီးနေတဲ့ နေရာတွေမှာ ကတ္တရာ ပြန်လောင်းမှာပါ။ လုပ်ငန်း ဆောင်ရွက်မယ့်အချိန်မှာ ဂုတ်တွင်းထဲမှာ ရောက်နေတဲ့ ကားတွေ အရင်ပိတ်မယ်။ နောက်ထပ် နောင်ချို တိုးဂိတ်ကနေ ပိတ်မယ်။ ကျောက်မဲဘက် အခြမ်းမှာတော့ ဇီးပင်စခန်းကနေ ပိတ်ပါမယ်။ ဒီနေ့မှာတော့ ဂုတ်တွင်း ခြောက်ထပ်ကွေ့ မိုင်တိုင်အမှတ် ၈၃ နဲ့ ၈၄ ကြားမှာ ပြင်မှာပါ။ အရပ်အခေါ်တော့ ကျွန်းပင်ကွေ့လို့ ခေါ်ပါတယ်” ဟု ကျောက်မဲမြို့ အမှတ် (၁၂၀) ယာဉ်ထိန်းတပ်ဖွဲ့မှူး ရဲမှူးချစ်စိန်က ဇွန် ၂၆ ရက်တွင် ပြောကြားသည်။
အဆိုပါ လမ်းပြုပြင်မှုများ ပြုလုပ်စဉ်အတွင်း ကျောက်မဲမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ကြီးကြပ်ကာ ယာဉ်ကြောပိတ်ဆို့မှုများ မရှိစေရေးအတွက် ယာဉ်များ စနစ်တကျ ရပ်တန့်စေပြီး လမ်းပြန်ဖွင့်သော အချိန်များတွင် ယာဉ်စီးရေပေါ် မူတည်၍ ပြန်လွှတ်မည်ဖြစ်ကြောင်း သိရသည်။
“ဂုတ်တွင်းလမ်းပိုင်းကို ပြန်လည်ပြုပြင် ထိန်းသိမ်းဖို့ လုပ်မှာပါ။ အကွေ့တွေမှာ နိုင်လွန်ကတ္တရာလမ်း ခင်းမှာပါ။ လုပ်ငန်းဆောင်ရွက်နေတဲ့ ကာလအတွင်းမှာ နေ့စဉ် မွန်းတည့် ၁၂ နာရီကနေ မွန်းလွဲ ၂ နာရီအထိ ပိတ်ထားမှာပါ။ ရာသီဥတုမကောင်းလို့ လုပ်ငန်းခွင် မ၀င်ဖြစ်ဘူးဆိုရင်တော့ လမ်းမပိတ်ပါဘူး” ဟု Oriental Highway Co,Ltd မှ လမ်းတာ၀န်ခံ ဦးကျော်အေးလွင်က ဆိုသည်။
ဂုတ်တွင်းလမ်းပိုင်းတွင် ကျောက်မဲဘက်အခြမ်း ခြောက်ထပ်ကွေ့အတွင်း အကြီးစား ပြင်ဆင်မည့်နေရာ သုံးနေရာရှိပြီး နောင်ချိုဘက်အခြမ်း၌လည်း သုံးနေရာခန့်ရှိကြောင်း အခြားလမ်း အကွေ့များတွင်လည်း ကြံ့ခိုင်မှုရှိရန် ပြန်လည် ပြင်ဆင်မည်ဖြစ်ကြောင်း သိရသည်။
ဂုတ်တွင်းလမ်းပြင်မည့် ဇွန် ၂၆ ရက်က လမ်းပြင်ဆင်မည့် ကျွန်းပင်ကွေ့၌ ပိုက်များ တင်ဆောင်လာသော ၂၂ ဘီးယာဉ် တွဲကားတစ်စီး တိမ်းမှောက်မှု ဖြစ်ခဲ့ခြင်းကြောင့် ရှင်းလင်းဆောင်ကွေ့သို့ ပြောင်းရွှေ့ကာ လမ်းပြင်ဆင်မှုများ ပြုလုပ်နေပြီး တိမ်းမှောက်နေသော ၂၂ ဘီး တွဲကားယာဉ်အား ကရိန်းများဖြင့် တည့်မတ်ကာ လမ်းပိတ်ဆို့မှု မရှိစေရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
“ဒီနေ့ ဂုတ်တွင်းလမ်းပိုင်း ပြင်ဆင်မယ့် လမ်းကွေ့မှာပဲ မူဆယ်ဘက်ကလာတဲ့ ပိုက်တွေတင်လာတဲ့ တွဲကားတစ်စီး မှောက်လို့ လမ်းပြင်မယ့်နေရာကို ပြောင်းလိုက်ပါတယ်။အခု ရှင်းလင်းဆောင်ကွေ့ကို ပြင်မှာပါ” ဟု ဂုတ်တွင်းကွေ့တွင် တာ၀န်ထမ်းဆောင်နေသော ယာဉ်ထိန်းတစ်ဦးကပြောကြားသည်။
အဆိုပါ ဂုတ်တွင်းလမ်းပြုပြင်မည့် နေ့ရက်နှင့် အချိန်များကို ယာဉ်မောင်းများ သိရှိစေရန် ယာဉ်ဖြတ်သန်း ဂိတ်များတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးထားကြောင်း သိရသည်။
Writer:
ထွန်းနေလှိုင် (နောင်ပိန်)
Credit to Eleven Media Group