28/05/2024
တာယာပြီးလျှင် ဒုတိယ အရေး အကြီးဆုံးဖြစ်တဲ့ ရှော့ဘား
ရှော့ဘားသည် ကားတစ်စီးတွင် ရှိသော အစိတ်အပိုင်းများ ထဲမှ တာယာပြီးလျှင် ဒုတိယ အရေး အကြီးဆုံး အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။
ရှော့ဘား အမျိုးအစားများ အကြောင်းမပြောခင် ရှော့ဘားတစ်ခု ၏ အဓိက လုပ်ဆောင်ချက် များကို သိရှိထားဖို ့နှင့် ရှော့ဘားတစ်ခုတွင် ပါ၀င်သော အစိတ်အပိုင်း တစ်ခုစီ၏ လုပ်ဆောင်ချက်များကို သိရှိရန် လိုပါတယ်။
ရှော့ဘားတစ်ခု၏ အဓိက လုပ်ဆောင်ချက် ( ၃ ) မျိုး ရှိပြီး၎င်းတို့မှာ –
- စီးနင်းလိုက်ပါသူ များ သက်တောင့်သက်သာရှိစေရန်။
- မောင်းနှင်နေစဉ် ကားအလွန်အမင်း ခါရမ်းခြင်း မဖြစ်စေရန် ထိန်းညှိပေးခြင်း။
- ကားတာယာနှင့် မြေပြင် အမြဲ ထိစပ် ချိတ်မိနေစေရန် ချိန်ညှိပေးခြင်း။
ရှော့ဘား တစ်ခုတွင် အခြေခံအား ဖြင့် အဓိက အစိတ်အပိုင်း နှစ်ခုဖြင့် ဖွဲ့စည်းထားပြီး မတူညီသော လုပ်ဆောင်မှုများ ပြုလုပ်ပါတယ် ။
1. Spring ( စပရိန် )= ဖိအား နှင့် ကန်အား ။
2. Shock/strut ( ရှော့ဘား )= စပရိန်၏ ဖိအား နှင့် ကန်အား အရှိန်အား ထိန်းညှိပေးခြင်း ။
ရှော့ဘား တစ်ခု တွင် အဆိုပါ အစိတ်အပိုင်းနှစ်ခု ပေါင်းစပ်ထားပြီး ရှော့ဘား၏ အဓိက အလုပ်ဖြစ်သော ဖိအား နှင့် ကန်အား ကို မျှအောင် ထိန်းညှိပေးရသည် ။ အခြေခံအားဖြင့် စပရိန် အတွင်းရှိ ( ရှော့ဘားတံ ) မပါပါက မိမိကားသည် ခုန်ပေါက်နေပြီး လိုသလို မောင်းနှင်လို ့ရမည်မဟုတ်ပေ ။
ရှော့ဘား အမျိုးအစားများ
အကြမ်းအားဖြင့် အဓိက ကျသော ရှော့ဘား ( ၄ ) မျိုးအကြောင်းအား ဆွေးနွေးသွားပါမယ် ။ အဆိုပါ ရှော့ဘား တစ်ခုစီတိုင်းတွင် ၎င်းတို ့၏ အားသာချက် အားနည်းချက်များ ပါရှိပြီး မတူညီသော ကားအမျိုးအစားများတွင် မှန်ကန်သော ရှော့ဘားများကို တပ်ဆင် အသုံးပြုဖို ့ လွန်စွာ အရေးကြီးပါတယ်။
1) MacPherson Strut
MacPherson ရှော့ဘား အမျိုးအစားကတော့ တပ်ဆင်ရလွယ်ကူခြင်း ၊ သေးသွယ်ပြီး နေရာ မယူလွန်းခြင်း စသည်တို ့ကြောင့် နောက်ပိုင်း ကားတော်တော် များများ တွင် တွင်တွင်ကျယ်ကျယ် တပ်ဆင်အသုံးပြုလာကြောင်း တွေ့ရှိရတယ်။
အားသာချက်များ
- အရွယ်ပမာဏ သေးသွယ်ခြင်း ။
- ဖိအားနှင့် ကန်အား မျှတခြင်း ။
- ဖိအား ကန်အား ၏ အခြေအနေကို ယာဉ်မောင်းတစ်ယောက်အနေဖြင့် လွယ်ကူစွာ မှန်းဆ နိုင်ခြင်း။ ( ရှော့ဘားအား စမ်းသပ်ရန် ကားမောင်းစဉ် )ကားအမျိုးအစားပေါ်မူတည်၍ ဒီဇိုင်း အမျိုးအစား စုံလင်ခြင်း ( ဥပမာ – helper spring ,coilover, etc )
အားနည်းချက်များ –
- အလွန်လေးလံသော ၀န်များ တင်ဆောင်ရန် မသင့်တော်ခြင်း။
- ပြုပြင်စရိတ် များပြားခြင်း။
- hydraulic ဆီ ထည့်သွင်း ပြုလုပ်ထားခြင်းကြောင့် ရေရှည် အသုံး မခံခြင်း။
တပ်ဆင်လေ ့ရှိသော ကားအမျိုး အစားများ
: Toyotas, BMW, Porsche, Chevrolet, Kia, Hyundai
2) Independent Suspension
Independent ရှော့ဘား အမျိုးအစားကတော့ ( Off road ) လမ်းကြမ်းများတွင် မောင်းနှင်ရသော ကားများတွင် တပ်ဆင်လေ ့ရှိပြီး မညီညာသောလမ်းများ တွင် မောင်းနှင်သွားလာ နိုင်ရန် အထူးပြုလုပ်ထားသော ရှော့ဘား အမျိုးအစားဖြစ်ပါတယ် ။ ဤ ရှော့ဘား အမျိုးအစားသည် ကားဘီးအား ဝေးနိုင်သမျှ ဝေးအောင် ဆန် ့ထုတ်နိုင်ရန် နှင့် နီးနိုင်သမျှ နီးအောင် ဆွဲ ကျုံ ့နိုင်ရန် ပြုလုပ်ထားခြင်းဖြစ်သောကြောင့် ကားတွင်တပ်ဆင်ရာ၌ သာမန် ရှှော့ဘားများထက် နေရာပိုမို ယူရပါတယ်။ Independent ရှော့ဘားကို လေး နှင့် ဖြစ်စေ စပရိန် ဖြင့်ဖြစ်စေ အသုံးပြုနိုင်ပြီး အဆိုပါ လေး ( သို ့) စပရိန်သည် အလယ် ရှော့ဘားတံ ( strut ) နှင့် သီးခြားစီတပ်ဆင်ရပါတယ် ။
အားသာချက်များ
- လမ်းကြမ်းတွင် မောင်းနှင် သွားလာနိုင်ခြင်း
- ချိုင့်များ ၊ ကျောက်တုံးများ နှင့် တိုက်မိ ၊ ဆောင့်မိ ဒဏ်ခံနိုင်ခြင်း
အားနည်းချက်များ
- ပျော့သော စပရိန် အမျိုးအစား အသုံးပြုထားခြင်းကြောင့် သာမာန်လမ်းများတွင် လူးလွန့်ခြင်း။
- ပြင်ဆင်မှု ကုန်ကျစရိတ် ကြီးမားခြင်း။
များသောအားဖြင့် ဤရှော့ဘားအား နောက်ဘီးအတွက်သာ တပ်ဆင်ကြလေ့ရှိပါတယ်။
တပ်ဆင်လေ့ရှိသော ကားအမျိုးအစားများ
Mercedes G Wagon, Land Rover Defender, Ford F150 Raptor 3)Leaf Springs ရှော့ဘားအမျိုးအစားကတော့ လေး ဟုခေါ်သော ရှော့ဘားအမျိုးအစားဖြစ်ပြီး ရှေးအကျဆုံးနှင့် အကြမ်းအခံဆုံး ရှော့ဘား အမျိုးအစားတစ်ခုဖြစ်ပါတယ် ။ အဆိုပါ ရှော့ဘား များသည် ၀န်များများ အတင်ခံနိုင်ခြင်း ၊ ကြာရှည်အသုံးပြုနိုင်ခြင်း ၊ ငွေကုန်ကြေးကျ သက်သာခြင်း စသည် တို ့ကြောင့် ထရပ်ကားများ ကုန်တင်ကားများတွင် အများဆုံးတပ်ဆင် အသုံးပြုလေ့ရှိပါတယ် ။
ဤရှော့ဘား အမျိုးအစားသည် ကုန်ပစ္စည်းတင်ဆောင် နိုင်ရန် အတွက် ရည်ရွယ်ထားခြင်းဖြစ်သောကြောင့် အကယ်၍ ကုန်ပစ္စည်းတင်ဆောင်ထားခြင်း မရှိပဲ မောင်းနှင်ပါက တည်ငြိမ်မှု မရှိပဲ ခုန်နေပြီး ကုန်ပစ္စည်း ( ၀န် ) တင်ဆောင်ထားမှသာလျှင် မောင်းနှင်ရတာ ပိုမိုတည်ငြိမ် အဆင်ပြေပါတယ် ။
အားသာချက်များ
- အထူးကြံ့ခိုင်ခြင်း။
- ကြာရှည် အသုံးခံခြင်း။
- ပြင်ဆင်စရိတ် သက်သာခြင်း။
အားနည်းချက်များ
- Strut မပါခြင်း ။
- ကုန်ပစ္စည်းများ မပါလျှင် တာယာတွင် ကုပ်အားနည်းပြီး အန္တရာယ်ရှိခြင်း ။
- ၀န်ဖြင့်မောင်းနှင်ရာတွင် အလေးချိန် အပြောင်းအလဲကြောင့် ထိန်းချုပ်မောင်းနှင်ရ ခက်ခဲခြင်း။
တပ်ဆင်လေ့ရှိသော ကားအမျိုးအစားများ
Toyota Hilux, box trucks, heavy equipment, passenger busses
4) Air Suspension
Air suspensions ( လေရှော့ဘား ) ကတော့ တပ်ဆင်ရာမှာ နေရာကျယ်ဝန်းစွာ မယူခြင်း ၊ ဖိအား ကန်အား ကို အကောင်းဆုံး ( ဆန် ့ခြင်း ၊ ကျံု ့ခြင်း ) ပြုလုပ်ပေးနိုင်သောကြောင့် တန်ဖိုးမှာလဲ အကြီးဆုံး ရှော့ဘား အမျိုးအစားဖြစ်ပါတယ် ။ အဆိုပါ ရှော့ဘားသည် ရာသီဥတုအခြေအနေ ( ပူလွန်းခြင်း ၊ စိုထိုင်းဆ များလွန်းခြင်း ) ၊ လေအိတ်ရာဘာပြဲခြင်း နှင့် compressor motor ပြုပြင်ထိန်းသိမ်းခြင်းတို ့ယိုယွင်းမှု ဖြစ်နိုင်သောကြောင့် အလွယ်တကူ ပျက်စီးနိုင်ပြီး ကုန်ကျစရိတ်မှာ လွန်စွာကြီးပါတယ် ။ နည်းပညာာတွေ တိုးတက် ပြောင်းလဲ လာတာနဲ ့အမျှ ယခုဆိုရင် ကားလောကထဲမှာ ဤရှော့ဘား အမျိုးအစားသည် ရေပန်းစား လာသော ရှော့ဘားအမျိုးအစား ဖြစ်လာပါတယ် ။
အားသာချက်များ
- ဖိအား ကန်အား အား အမြင့်ဆုံး စွမ်းဆောင်မှု ပေးနိုင်ခြင်း။
- ၀န်မပါသော်လည်း တည်ငြိမ်စွာမောင်းနိုင်ခြင်း။
- တပ်ဆင်ရာတွင် နေရာ အနည်းငယ်သာ ယူခြင်း။
- လမ်းကောင်း ၊ လမ်းဆိုး နှစ်မျိုးလုံးတွင် အသုံး ပြုနိုင်ခြင်း ။
အားနည်းချက်များ
- ပြင်ဆင်စရိတ် လွန်စွာကြီးခြင်း။
- ပျက်စီးလွယ်ခြင်း ။ ( လေထုစိုထိုင်းမှု ၊ အိတ်ပြဲခြင်း )
- ယာဉ်စမ်းသပ်မောင်းနှင်ရုံမျှဖြင့် ရှော့ဘားကောင်းမကောင်း ခန့်မှန်းရ မလွယ်ကူခြင်း။
တပ်ဆင်လေ့ရှိသော ကားအမျိုးအစားများ ။
Range Rover, Mercedes Benz SUV (outside of G Wagon), Porsche SUV and Panamera (more sports dampening), busses, new long haul shipping lorries.